|

နေပြည်တော်၊ နိုဝင်ဘာလ(၄)ရက်။ အမှတ်(၁)စက်မှုဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဦးသိန်းအောင်သည် ဦးဆောင်ညွှန်ကြားရေးမှူး များ၊ တာဝန်ရှိသူများလိုက်ပါလျှက် နိုဝင်ဘာ(၄)ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်ရှိ ဝင်းသူဇာ စားသောက်ကုန်လုပ်ငန်းသို့ရောက်ရှိပြီး စက်ရုံဝင်းအတွင်း စားသောက်ကုန် ပစ္စည်းများ ထုတ်လုပ်မှုလုပ်ငန်းအဆင့်ဆင့်ကို ကြည့်ရှု စစ်ဆေးပြီး စက်ရုံခွဲမှူးနှင့် ဌာနကြီးမှူးများအား တွေ့ဆုံ ပါသည်။
ထို့နောက် စက်ရုံခွဲမှူးမှ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား ရှင်းလင်းတင်ပြပြီး၊ ဦးဆောင် ညွှန်ကြားရေးမှူးများမှ ဖြည့်စွက်ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးမှ စားသောက်ကုန်ပစ္စည်းများ ထုတ်လုပ်ရာတွင် အရည်အသွေးကောင်းမွန်ပြီး သန့်ရှင်းရေးကို ဦးစားပေးဆောင်ရွက်ရန်နှင့် GMP စနစ်နှင့်အညီဆောင်ရွက် ကြရန်၊ ဒီဇယ်ဆီ၊ ဓါတ်ဆီနှင့် မီးထိုးဆီများအသုံးပြုရာတွင် စနစ်တကျ အသုံးပြုနိုင်ရေးစီမံဆောင်ရွက်ရန်နှင့် ငွေရေးကြေးရေး ကိုင်တွယ် အသုံးပြုရာတွင် စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ကြ ရန်မှာကြားသည်။
ဆက်လက်၍ ဒုတိယ ဝန်ကြီးသည် ဗဟန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်းရှိ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်း စက်ရုံသို့ရောက်ရှိပြီး စက်ရုံဝင်းအတွင်း သန့်ရှင်း သပ်ယပ်၊ သာယာလှပစေရေးအတွက် ဝန်ထမ်းအားလုံးစုပေါင်း ဆောင်ရွက်ကြရန် မှာကြားပါသည်။
ထို့နောက် ဒုတိယဝန်ကြီး သည် အင်းစိန်မြို့နယ်ရှိ အင်းစိန်စွပ်ကျယ်စက်ရုံ စက်ရုံဝင်းအတွင်း အလှကုန် ပစ္စည်းစက်ရုံ၏ စက်ပစ္စည်းများ ရွေ့ပြောင်းတပ်ဆင် ပြီးစီးမှု အခြေအနေများနှင့် မြို့ပြဆိုင်ရာ အဆောက်အဦများ ပြုပြင်ဆောင်ရွက်မှုအခြေအနေများအား ဦးဆောင်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများမှ လိုက်လံရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးမှ စက်များအမြန်ဆုံးလည်ပတ်ဆောင်ရွက်၍ ကုန်ထုတ်လုပ်မှု လုပ်ငန်းများ အမြန်ဆုံးဆောင်ရွက်နိုင်ရန်နှင့် အများပြည်သူအသုံးပြုသည့် ဈေးကွက်ရောင်းတမ်းဝင်ပစ္စည်းများကိုသာ ထုတ်လုပ် ရေး လမ်းညွှန်မှာကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် အင်းစိန်စွပ်ကျယ်စက်ရုံ စက်ရုံဝင်းအတွင်း ကုန်ထုတ်လုပ်ငန်း ဆောင်ရွက်မှုအခြေများနှင့် ကုန်ကြမ်းချည်သိုလှောင်ရုံများအား ကြည့်ရှုစစ်ဆေးပြီး စက်များကြံ့ခိုင်ရေး၊ အရည်အသွေးကောင်းမွန် သာ ကုန်ချောများထွက်ရှိရေးအတွက် တာဝန်ရှိသူများမှ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက် ကြရန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
|