|
၂၀၀၈ ခုနှစ် သြဂုတ်လ ၄ ရက်နေ့ နံနက် (၉း၃၀)နာရီတွင် ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် လှိုင်သာယာ စက်မှုမြို့၊ ကနောင်ခန်းမ၌ CMP လုပ်ငန်းများ ညှိနှိုင်း အစည်းအဝေး ကို ကျင်းပ ပြုလုပ်ရာ အခမ်းအနား သို့ CMP လုပ်ငန်းများ ကြီးကြပ်ရေး ကော်မတီ ဥက္ကဋ္ဌ အမှတ်(၁)စက်မှု ၀န်ကြီးဌာန ၀န်ကြီး ဦးအောင်သောင်း၊ CMP လုပ်ငန်းများ သွင်းကုန် ပို့ကုန် ကြီးကြပ်ရေး ဆပ်ကော်မတီ ဥက္ကဋ္ဌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ်အောင်ထွန်း၊ CMP လုပ်ငန်းများ စစ်ဆေးရေး ဆပ်ကော်မတီဥက္ကဋ္ဌ၊ အမှတ်(၁)စက်မှုဝန်ကြီးဌာန၊ စက်မှုညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းအောင် နှင့် ကော်မတီ (၃)ရပ်မှ အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ စက်မှုဇုံ စီမံခန့်ခွဲရေး ကော်မတီဝင်များ၊ စက်မှုဇုံများရှိ CMP လုပ်ငန်းရှင်များ တက်ရောက်ကြသည်။
အစီအစဉ်အရ CMP လုပ်ငန်းများ ကြီးကြပ်ရေး ကော်မတီ ဥက္ကဋ္ဌ အမှတ်(၁)စက်မှု ၀န်ကြီးဌာန ၀န်ကြီး ဦးအောင်သောင်းက CMP လုပ်ငန်းများ ပိုမိုဖွံ့ဖြိုး တိုးတက်စေရန် အတွက် ခေါ်ယူညှိနှိုင်း ဆွေးနွေးရခြင်း ဖြစ်ကြောင်း၊ နိုင်ငံတော်၏ ချမှတ်ထားသော လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆပ်ကော်မတီ အသီးသီးမှ နည်းလမ်းတကျ ဖြေရှင်းပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း၊ အလုပ်သမား ကိစ္စရပ်များ၊ အခွန်နှင့် လုပ်ငန်း ကြီးကြပ်ရေး ကိစ္စရပ်များ၊ လုပ်ငန်းများ စစ်ဆေးရေး ကိစ္စရပ်များကို ကုမ္ပဏီလုပ်ငန်းရှင်များက မှန်ကှန်ကန်ကန်နှင့် စာရင်းဇယား များ ပြုစုကြရန်နှင့် အလုပ်အကိုင် အခွင့်အရေးများ ရရှိအောင် စီစဉ်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း စသဖြင့် ပြောကြားခဲ့ သည်။
ထို့နောက် မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးမြင့်စိုး၊
ဒုတိယ ဥက္ကဋ္ဌ ဦးအောင်မင်း၊ အတွင်းရေးမှူး ဦးကျော်ဝင်းတို့က CMP အထည်ချုပ်
လုပ်ငန်းများ၏ ပြည်တွင်း လုပ်ငန်း အခြေအနေ နိုင်ငံတကာ ဈေးကွက် အခြေအနေနှင့် CMP
အထည်ချုပ် လုပ်ငန်းများ စနစ်တကျ မြန်မြန်ဆန်ဆန် ဖြစ်မြောက်နိုင်ရေး ကိစ္စရပ်များကို
ဆွေးနွေး တင်ပြကြသည်။ ယင်းနောက် CMP လုပ်ငန်းရှင်များက သိလိုသမျှကို ဆွေးနွေးတင်ပြကြပြီး CMP
လုပ်ငန်းများ ကြီးကြပ်ရေး ကော်မတီ ဥက္ကဋ္ဌ အမှတ်(၁)စက်မှု ၀န်ကြီးဌာန ၀န်ကြီး
ဦးအောင်သောင်းက မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ၊
အဖွဲ့ဝင်များ၊ CMP လုပ်ငန်းရှင်များ တင်ပြချက်များအပေါ် ဖြည့်ဆည်း ဆောင်ရွက်ပေးပြီး
နိဂုံးချုပ် အမှာစကား ပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
|